Thingyan Recipes

Thingyan Recipes

သင်္ကြန်အတွက် ဘာတွေကြိုစီစဉ်ပြီးကြပြီလဲ? ကိုယ်တွေလို အစားတလိုင်းတွေကတော့ သင်္ကြန်ဆိုတာနဲ့ ရာသီစာ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေး မွှေးမွှေးလေးကို ပြေးမြင်မိတာပါပဲ။ ဒီနေ့မှာတော့ အားလုံးကို အရသာရှိပြီး လွယ်လွယ်ကူကူလုပ်ဆောင်နိုင်တဲ့ ရာသီစာမုန့်လေးတွေကို မျှဝေပေးချင်ပါတယ်။

မုန့်လုံးရေပေါ်

သင်္ကြန်နဲ့ မုန့်လုံးရေပေါ်ကို ခွဲရရိုးထုံးစံမရှိပါဘူးနော်။ ကောက်ညှင်းနံ့မွှေးမွှေးလေးနဲ့ စားလို့သိပ်ကောင်းတဲ့ မုန့်လုံးရေပေါ်ကိုတော့ မကြိုက်သူမရှိသလောက်ပါပဲ။

မုန့်လုံးရေပေါပြုလုပ်ရန်ပါဝင်ပစ္စည်းတွေက

-ထန်းလျက်

-အုန်းသီး

-ကောက်ညှင်းမှုန့်

-ဆန်မှုန့်

-ရေတို့ပဲဖြစ်ပါတယ်။ လုပ်ရမယ့် အဆင့်တွေကလည်း လွယ်ကူရိုးရှင်းပါတယ်။

ထန်းလျက်ကို အနေတော်လေးတွေဖြစ်အောင် ပြုလုပ်ထားပါ။ မုန့်လုံးရေပေါ်နဲ့ တွဲဖက်စားသုံးဖို့ အုန်းသီးလေးတွေလည်း ခြစ်ထားပါနော်။ အုန်းသီးခြစ်ရတာ အချိန်ကုန်တယ်ဆိုတဲ့သူများအတွက်တော့ အုန်းသီးတစ်လုံးစာအပြည့်ပါတဲ့ နဝရတ်ဧရာ အော်ဂဲနစ် အုန်းသားခြောက်ကို အသုံးပြုနိုင်ပါတယ်။ နောက်ပြီး ကောက်ညှင်းမှုန့် ၃ ဆ၊ ဆန်မှုန့် ၁ ဆ၊ ရေ ၂ ဆထည့်ပြီး နှံ့စပ်အောင်နယ်ပေးပါ။ မုန့်သားရပြီဆို ထန်းလျက်ထည့်လုံးပြီး ရေနွေးဆူဆူထဲကို ထည့်ပြုတ်လိုက်ရင်ရပါပြီ။ ရေပေါ် ပေါလောလေးပေါ်လာပြီဆို ဇကာလေးနဲ့စစ်ပြီး အုန်းသီးလေးဖြူးကာ သုံးဆောင်နိုင်ပါပြီ။

ရွှေရင်အေး

ရွှေရင်အေးကတော့ လုပ်ဆောင်ရလွယ်ကူပြီး စားလို့သိပ်ကောင်းတာမို့ ကလေးရော၊ လူကြီးပါ အကြိုက်တွေ့ကြတဲ့ ရာသီစာပါပါဲ။

ပထမဆုံး အုန်းနို့၊ ကျောက်ကျောမှုန့်၊ ရေတို့ကို အလိုရှိရာပမာဏအတိုင်းရောပြီး အုန်းနို့ကျောက်ကျောကျိုပါမယ်။ ကောက်ညှင်းလေးကိုလည်း နူးအိနေအောင် သေချာလေးပေါင်းထားပေးပါနော်။ ရွှေရင်အေးအတွက် မုန့်ဖက်ကိုတော့ လွယ်လွယ်ကူကူဝယ်ယူလို့ရပါတယ်။ သာကူစိလေးတွေကို ရေနွေးပွက်ပွက်ထဲ ထည့်ပြီး သေချာကျိုပေးပါ။ သကြားကိုရေအနည်းငယ်ရောပြီး သကြားရည်ချိုချိုလေးဖြစ်အောင် လုပ်ပါမယ်။ ပြီးရင်တော့ မုန့်ဖက်၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ကောက်ညှင်းပေါင်း၊ သကြားရည်၊ အုန်းနို့ရည်တို့ကို စမ်းပြီး အပေါ်က ရေခဲထည့်ကာ ရွှေရင်အေး မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။ ဒူးရင်းသီး၊ ထောပတ်သီး အစရှိသဖြင့် ကြိုက်နှစ်သက်ရာသစ်သီးလေးတွေနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

သာကူကျို

လွယ်ကူရိုးရှင်းတဲ့ နောက်ထပ် သင်္ကြန်စာတစ်မျိုးကတော့ သာကူကျိုပါပဲ။

သာကူကျိုပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့

-သာကူစေ့

-ထန်းလျက်

-ရေ

-အုန်းသီး

-ကန်စွန်းဥ တို့ပဲဖြစ်ပါတယ်။

ပထမဆုံး သာကူစေ့ကိုအစေ့ပျောက်ရုံကျိုပြီးဇကာနဲ့ဆယ်ပြီး ရေစစ်ထားရပါမယ်။ ပြီးရင်တော့ ကိုယ်အသုံးလိုသလောက် ထန်းလျက်ပမာဏကို ရေထည့်ပြီး ကျိုပေးပါ။ ရေဆူပွက်လာပြီဆိုရင် အအေးခံပြီး သာကူစေ့၊ အုန်းသီး အဆင်သင့်ခြစ်ထားပြီးသားတို့ကိုပါ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။

ပေါင်မုန့်အုန်းနို့ဆမ်း

လူတိုင်းလိုက်လုပ်ရလွယ်ပြီး အရသာအရှိဆုံး ရာသီစာကတော့ ပေါင်မုန့်အုန်းနို့ဆမ်းလို့ဆိုရင် မမှားပါဘူးနော်။

ပထမဆုံး သကြားရည်ကို အနေတော်လေး ကျိုရပါမယ်။ ပြီးတော့ သကြား၊ ဆား၊ အုန်းနို့တို့ကို ကိုယ်လိုအပ်တဲ့ ပမာဏအတိုင်း ရောကျိုပြီး အုန်းနို့လေးတွေ ဥလာအောင် ကျိုချက်ပေးပါ။ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပေါင်မုန့်ပေါ်မှာဆမ်းပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

မုန့်ကြာစိ (စေ့)

ငယ်ငယ်က မုန့်ကြာစေ့လာရောင်းပြီဆိုရင် အပြေးအလွှားသွားဝယ်ရတာလည်း ပျော်စရာတစ်ခုပါပဲ။ အခုတော့ ကိုယ်တိုင်ကိုယ်ကျ အိမ်မှာပဲ အရသာရှိရှိ မုန့်ကြာစေ့လေး လုပ်စားကြမယ်နော်။

 မုန့်ကြာစေ့ပြုလုပ်နည်းကလည်း မုန့်လုံးရေပေါ်ပြုလုပ်နည်းနဲ့ ခပ်ဆင်ဆင်ရှိပါတယ်။ လုပ်ဆောင်ရမယ့် အဆင့်ဆင့်ကတော့ ကောက်ညှင်းမှုန့်၊ ဆန်ကြမ်းမှုန့်၊ ဆားတို့ကိုရောပြီး ရေအနည်းငယ်ထည့်ကာ သမသွားအောင်နယ်ပြီး မုန့်သားပြုလုပ်ပါ။ မုန့်လုံးရေပေါ်လုပ်သလိုပဲ ရေနွေးပွက်ပွက်ဆူထဲကို ထည့်ပြီး ထန်းလျက်ရည် အနေတော့ကျိုပြီးသားနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်။ မုန့်ကြာစေ့ရဲ့ အသက်ကတော့ အုန်းသီးခြစ်ပြီးသားလေးတွေပါပဲ။ များများလေးထည့်စားရင် ချိုစိမ့်စိမ့်လေးနဲ့ အရသာသိပ်ကိုရှိတဲ့ Homemade မုန့်ကြာစေ့ကို ရရှိပါပြီ။

သင်္ကြန်စာတွေကို မျှဝေပေးခဲ့တာဆိုတော့ အားလုံးလည်း ဗိုက်ဆာနေကြရောပေါ့နော်။ မြန်မာမုန့်တွေမှာ အုန်းသီးဟာ အခရာပဲမို့ အုန်းသားဖတ်နုနုလေးတွေက ရာသီစာအားလုံးအတွက် မပါမဖြစ်ပါပဲ။ကိုယ်တိုင်ခြစ်ဖို့ အချိန်မပေးနိုင်သူတွေအတွက် အော်ဂဲနစ်အုန်းသားခြောက်ကို အောက်ပါလင့်ခ်လေးကနေ ဝယ်ယူနိုင်ပါတယ်။ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေရှင်။

https://mercury.shopping/product/desiccated-coconut-250g-dsvpg