မင်္ဂလာလက်ဖွဲ့ပေးကြမယ်ဆိုရင်

မင်္ဂလာလက်ဖွဲ့ပေးကြမယ်ဆိုရင်

လူမှုဘဝနေထိုင်မှုပုံစံ (Lifestyle)

ဝါလကင်းလွတ်သီတင်းကျွတ်ချိန်ကာလမှာတော့ မိတ်ဆွေ၊သူငယ်ချင်းတွေ မင်္ဂလာပွဲကိုပါဝင်ဂုဏ်ပြုရမဲ့သူတွေအတွက် မင်္ဂလာလက်ဖွဲ့ဘာပေးရင်ကောင်းမလဲဆိုတာကို အကြံပြုပေးလိုပါတယ်။ ကိုယ်ပေးလိုက်တဲ့လက်ဆောင်က အသုံးမလိုလို့ ချောင်ထိုးထားတာမျိုး၊ တဆင့်စျေးနဲ့ ပြန်ရောင်းလိုက်တာမျိုးကတော့ ပေးတဲ့သူကော၊ ရတဲ့သူပါ အဆင်မပြေတာမို့ ဒီဆောင်းပါးလေးကနေလည်း အကြံဉာဏ်လေးတွေယူလို့ရပါပြီ။

ငွေသားလက်ဖွဲ့ပေးခြင်း

အကောင်းဆုံးရွေးချယ်မှုဆိုရင်တော့ ငွေသားလက်ဖွဲ့ပေးတာကအကောင်းဆုံးပဲဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုကိုထူထောင်တဲ့ကာလမှာတော့ ဝင်ငွေတိုးပြီးအကြွေးမရှိတာက အကောင်းဆုံးပဲမဟုတ်လား။

မင်္ဂလာ‌ဆောင်မှာ ပါဝင်ပေးခြင်း

သတို့သမီးမိတ်ကပ်၊ ဓါတ်ပုံဆရာကြေး၊ သတို့သမီးရဲ့ လက်ကိုင်ပန်း၊ ပုဝါ အစရှိတဲ့ပစ္စည်းတွေကို ဝိုင်းဝန်းပြီးပါဝင်မျှခံပေးတာက ချစ်စရာကောင်းသလိုကုန်ကျစားရိတ်သက်သာစေတဲ့လက်ဖွဲ့ပဲဖြစ်ပါတယ်။

လိုအပ်တာကို သေချာမေးမြန်းခြင်း

အိမ်ခွဲနေရင်ဘာတွေထပ်ဖြည့်ဖို့လိုသေးလဲ၊ လက်ဖွဲ့ပေးချင်လို့ဆိုပြီး သေချာမေးတာကလည်း တဖက်သားကို ကိုယ်ချင်းစာတာနဲ့အတူတူပဲဖြစ်ပါတယ်။ မလိုအပ်တဲ့ ထမင်းပေါင်းအိုးတွေ၊ ပန်းကန်တွေကို သုံးလေးမျိုးရထားတာထက် တကယ်လိုအပ်တာကိုပေးနိုင်တာက ပိုပြီးအထောက်အကူဖြစ်မှာပါ။

နောက်ထပ်ပြောချင်တာကတော့ ငွေသားပေးရတာအဆင်မပြေဘူး၊ မရင်းနှီးတဲ့သူတွေရဲ့ မင်္ဂလာပွဲဖိတ်စာတွေကိုတော့ လက်ဖွဲ့အဖြစ်သဘောပေးလိုက်တာထက် စုပေါင်းပြီးလက်ဖွဲ့တာမျိုးမှာပါဝင်လိုက်တာပိုအဆင်ပြေမှာဖြစ်ပါတယ်။